Judson Bible

ရှင်ယောဟန် 7:11-18 Judson Bible (BJB)

11. ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။

12. လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍၎င်း ဆိုကြ၏။

13. သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။

14. ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊

15. ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။

16. ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။

17. ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။

18. ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။