Judson Bible

ရှင်ယောဟန် 6:32-42 Judson Bible (BJB)

32. ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။

33. ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊

34. သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။

35. ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။

36. သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။

37. ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။

38. အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။

39. ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊

40. သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလိုတော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။

41. ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊

42. ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။