Judson Bible

ရှင်ယောဟန် 6:28-47 Judson Bible (BJB)

28. ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။

29. ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။

30. ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။

31. ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။

32. ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။

33. ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊

34. သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။

35. ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။

36. သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။

37. ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။

38. အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။

39. ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊

40. သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလိုတော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။

41. ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊

42. ဤသူသည် ယောသပ်၏သား ယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိဘကိုငါတို့သိသည်မဟုတ်လော။ ငါသည် ကောင်းကင်မှဆင်းသက်၏ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ၏။

43. ယေရှုကလည်း၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့၍ အပြစ်မတင်ကြနှင့်။

44. ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်။ လာသောသူကိုနောက်ဆုံသောနေ့၌ ငါထမြောက်စေမည်။

45. အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ၏။

46. ထိုသို့ငါဆိုသော၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။

47. ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။