Judson Bible

ရှင်ယောဟန် 6:1-16 Judson Bible (BJB)

1. ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။

2. အနာရောဂါစွဲသောသူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။

3. ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။

4. ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။

5. ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ၏။

6. ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။

7. ဖိလိပ္ပုကလည်း၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မလောက်ပါဟုလျှောက်၏။

8. ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊

9. မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။

10. ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။

11. ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ၏။

12. ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊

13. စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ် တောင်းအပြည့်ရကြ၏။

14. ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ၏။

15. ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန်၏။

16. ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ရောက်ပြီးလျှင်၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။