Judson Bible

ရှင်ယောဟန် 5:7-21 Judson Bible (BJB)

7. နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။

8. ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊

9. ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။

10. ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။

11. သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည်ဟု ပြန်ပြော၏။

12. ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။

13. ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။

14. ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

15. ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြောလေ၏။

16. ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။

17. ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။

18. သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။

19. ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏။

20. ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။

21. ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။