Judson Bible

ရှင်ယောဟန် 4:11-23 Judson Bible (BJB)

11. မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။

12. ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို၏။

13. ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။

14. ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

15. မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊

16. ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။

17. မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။

18. အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။

19. ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။

20. အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊

21. ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။

22. သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။

23. ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။