Judson Bible

ရှင်ယောဟန် 4:1-11 Judson Bible (BJB)

1. ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။

2. တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊

3. ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊

4. ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။

5. ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။

6. ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။

7. ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။

8. အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။

9. ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်းမရှိ။

10. ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသောသူကား အဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊

11. မိန်းမက၊ သခင်၌ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။