Judson Bible

ရှင်ယောဟန် 2:1-12 Judson Bible (BJB)

1. သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။

2. ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။

3. စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။

4. ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။

5. မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။

6. ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။

7. ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။

8. ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။

9. ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့်၍၊

10. အခြားသောသူမည်သည်ကား၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။

11. ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။

12. ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊