Judson Bible

ရှင်ယောဟန် 19:7-24 Judson Bible (BJB)

7. ယုဒလူတို့က၊ ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ၏။

8. ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊

9. ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တခွန်းကိုမျှပြန်တော်မမူ၊

10. ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလောဟုဆိုသော်၊

11. အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည်သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။

12. ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။

13. ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။

14. ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊

15. ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင်၊ ယဇ်ပုရာဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ၏။

16. ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ထုတ်သွားကြ၏။

17. ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။

18. ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။

19. ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။

20. ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။

21. ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင်၊

22. ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။

23. စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊

24. ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။