Judson Bible

ရှင်ယောဟန် 19:33-42 Judson Bible (BJB)

33. ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ၊

34. စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။

35. ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည်ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။

36. ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း။

37. တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။

38. ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။

39. အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ၏။

40. ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။

41. လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော သခင်္ျိုင်းတွင်းသစ်ရှိ၏။

42. ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသခင်္ျိုင်းအတွင်း၌ အလောင်းတော်ကိုထားကြ၏။