Judson Bible

ရှင်ယောဟန် 18:22-36 Judson Bible (BJB)

22. ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။

23. ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။

24. အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။

25. ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။

26. ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊

27. ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။

28. နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။

29. ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊

30. ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။

31. ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။

32. ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကားတော် ပြည့်စုံမည်အကြောင်းတည်း။

33. ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။

34. ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။

35. ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင်၊

36. ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။