Judson Bible

ရှင်ယောဟန် 17:17-26 Judson Bible (BJB)

17. ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

18. ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။

19. သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။

20. ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။

21. ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။

22. ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊

23. ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ်၍၊ တလုံးတဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။

24. အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။

25. တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ၏။

26. ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှါ၎င်း၊ အကျွန်ုပ်သည် သူတို့၌ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။