Judson Bible

ရှင်ယောဟန် 17:1-18 Judson Bible (BJB)

1. ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။

2. ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းထင်ရှားစေတော်မူပါ။

3. ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။

4. အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။

5. အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏။

6. ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။

7. အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ၏။

8. အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။

9. သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်းပါ၏။

10. အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင် သောအရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။

11. ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။

12. အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သား တယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း။

13. ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။

14. ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။

15. ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။

16. အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။

17. ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

18. ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။