Judson Bible

ရှင်ယောဟန် 16:2-18 Judson Bible (BJB)

2. လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။

3. ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

4. ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှါ ယခုပင် ငါဟောပြော၏။အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။

5. ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။

6. ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။

7. ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။

8. ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။

9. ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။

10. ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။

11. ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။

12. သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

13. သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

14. ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

15. ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။

16. ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။

17. တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။

18. ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။