Judson Bible

ရှင်ယောဟန် 15:1-13 Judson Bible (BJB)

1. ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။

2. ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။

3. သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။

4. ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။

5. ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။

6. ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။

7. သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။

8. သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။

9. ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။

10. ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။

11. သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။

12. ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။

13. ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။