Judson Bible

ရှင်ယောဟန် 14:1-10 Judson Bible (BJB)

1. တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။

2. ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။

3. ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။

4. ငါသည် အဘယ်အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ဟုမိန့်တော်မူ၏။

5. သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊

6. ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

7. သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။

8. ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင်၊

9. ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။

10. ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။