Judson Bible

ရှင်ယောဟန် 13:4-21 Judson Bible (BJB)

4. စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။

5. ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။

6. ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။

7. ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။

8. ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။

9. ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါဟု လျှောက်ပြန်၏။

10. ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။

11. ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။

12. ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။

13. သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။

14. ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။

15. ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။

16. ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။

17. ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။

18. သင်တို့ရှိသမျှကို ငါရည်မှတ်၍ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။

19. ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။

20. ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။

21. ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။