Judson Bible

ရှင်ယောဟန် 13:31-38 Judson Bible (BJB)

31. ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။

32. ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။

33. ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။

34. သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။

35. သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။

36. ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။

37. ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဘို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊

38. ယေရှုက၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။