Judson Bible

ရှင်ယောဟန် 11:25-44 Judson Bible (BJB)

25. ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။

26. ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။

27. ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော်ဖြစ်သည်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။

28. ထိုသို့ ရှောက်ပြီးမှမာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရားရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။

29. မာရိသည် ထိုစကားကိုကြားလျှင် အလျှင်တဆောထ၍ အထံတော်သို့ သွားလေ၏။

30. ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။

31. ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူအိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကိုမြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သခင်္ျိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။

32. မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏ မောင်မသေပါဟုလျှောက်၏။

33. မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊

34. အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။

35. ယေရှုသည်မျက်ရည်ကျတော်မူ၏။

36. ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။

37. အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်လောဟုဆိုကြ၏။

38. တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သခင်္ျိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။

39. ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူနှမ မာသက၊ သခင်၊ ယခု ဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။

40. ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။

41. ထိုအခါ သေလွန်သောသူ၏သခင်္ျိုင်းမှကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။

42. ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊

43. လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။

44. ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြေလော့ဟု မိန့်တော်မူ၏။