Judson Bible

ရှင်ယောဟန် 11:1-8 Judson Bible (BJB)

1. ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာလျက်နေလေ၏။

2. နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သော မာရိဖြစ်သတည်း။

3. ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်ဟုလျှောက်ကြ၏။

4. ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

5. ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။

6. လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။

7. ထိုနောက် တပည့်တော်တို့အား၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊

8. တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက်ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။