Judson Bible

ရှင်ယောဟန် 1:6-21 Judson Bible (BJB)

6. ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။

7. ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။

8. ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။

9. ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကို ပေးသောသူဖြစ်သတည်း။

10. ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။

11. သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

12. ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

13. ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။

14. နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

15. ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။

16. ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။

17. အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။

18. ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။

19. ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊

20. ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။

21. ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။