Judson Bible

ရှင်ယောဟန် 1:28-44 Judson Bible (BJB)

28. ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။

29. နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။

30. ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။

31. အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။

32. ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။

33. အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။

34. ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။

35. တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊

36. ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။

37. တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။

38. ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။

39. ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။

40. ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။

41. ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊

42. သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟုဆိုလိုသတည်း။

43. နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။

44. ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။