1. ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ကို အတုယူသူများဖြစ်ကြလော့။
2. ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
3. တရားနှင့်မညီမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်းနှင့် လောဘလွန်ကျူးခြင်းတို့ကို သန့်ရှင်းသူများရှောင်သင့်သည့်အတိုင်း သင်တို့ထဲတွင် စကားဖြင့်ပင် မပြောကြနှင့်။
4. မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
5. တရားနှင့်မညီမေထုန်ပြုသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ဦးမျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း ကောင်းစွာသိမှတ်ကြလော့။
6. အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
7. ထို့ကြောင့် သူတို့နှင့်အတူ ပေါင်းဖော်ခြင်းမပြုကြနှင့်။
8. အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။
9. အကြောင်းမူကား အလင်း၏အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
10. သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။
11. အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
12. အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
13. သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏။
14. အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
15. ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
16. နေ့ရက်ကာလတို့သည် ဆိုးညစ်သောကြောင့် အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
17. သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။
18. အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
19. ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။
20. အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့။
21. ခရစ်တော်ကိုကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အချင်းချင်းနာခံကြလော့။
22. ဇနီးသည်တို့၊ သခင်ဘုရားကိုနာခံသကဲ့သို့ မိမိ၏ခင်ပွန်းသည်ကို နာခံကြလော့။
23. အကြောင်းမူကား ခရစ်တော်သည် အသင်းတော်တည်းဟူသောကိုယ်ခန္ဓာတော်၏ကယ်တင်ရှင်ဖြစ်တော်မူပြီး ထိုအသင်းတော်၏ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်သည်လည်း ဇနီးသည်၏ဦးခေါင်းဖြစ်၏။
24. အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ ခင်ပွန်းသည်ကိုနာခံကြရမည်။
25. ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။
26. ခရစ်တော်သည် ထိုသို့ပြုခြင်းမှာ ရေနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့် နှုတ်ကပတ်တော်၌ အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့်
27. အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
28. ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။
29. အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။
30. အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
31. ထိုအကြောင်းကြောင့် ယောက်ျားသည် မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။
32. ဤအရာသည် အလွန်လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ ထိုသို့ဆိုသော် ခရစ်တော်နှင့်အသင်းတော်ကိုရည်ညွှန်း၍ ငါဆို၏။
33. မည်သို့ပင်ဖြစ်စေ သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့သည်လည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။