13. သို့သော် ဧည့်ခံပွဲကျင်းပသောအခါ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဖိတ်ခေါ်လော့။
14. သို့ပြုလျှင် သူတို့သည် သင့်အားကျေးဇူးမတုံ့ပြန်နိုင်ကြသောကြောင့် သင်သည် မင်္ဂလာရှိလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးတုံ့ပြန်ခြင်းကို အမှန်ပင်ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
15. ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။
16. ကိုယ်တော်ကလည်း “လူတစ်ဦးသည် ညစာစားပွဲကြီးတစ်ခုကိုပြင်ဆင်လျက် လူများစွာတို့ကိုဖိတ်ခေါ်ထား၏။
17. ပွဲအချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသူများထံသို့ မိမိအစေအပါးကိုစေလွှတ်လျက် ‘ယခုအဆင်သင့်ဖြစ်ပြီဖြစ်၍ ကြွကြပါ’ဟု ပြောကြားစေ၏။
18. ထိုအခါ အားလုံးတို့သည် မလာနိုင်ကြောင်း တညီတညွတ်တည်းဆင်ခြေပေးကြ၏။ ပထမလူက ‘အကျွန်ုပ်သည် လယ်တစ်ကွက်ဝယ်ထားသည်ဖြစ်၍ ထိုလယ်ကို မဖြစ်မနေသွားကြည့်ရပါမည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
19. အခြားတစ်ဦးကလည်း ‘အကျွန်ုပ်သည် နွားငါးရှဉ်းကိုဝယ်ထားသည်ဖြစ်၍ ထိုနွားတို့ကိုစမ်းသပ်ရန် သွားရတော့မည်။ အကျွန်ုပ်ကိုခွင့်လွှတ်ရန် တောင်းပန်ပါသည်’ဟု ဆိုလေ၏။
20. နောက်တစ်ဦးကလည်း ‘အကျွန်ုပ်သည် မိန်းမနှင့်ထိမ်းမြားစုံဖက်ပြီဖြစ်၍ မလာနိုင်ပါ’ဟု ဆို၏။
21. အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။