46. ကိုယ်တော်က “ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထမ်းရခက်သောဝန်များကို လူတို့အားထမ်းစေကြ၏။ သင်တို့ကိုယ်တိုင်ကမူ ၎င်းတို့ကို သင်တို့လက်ဖျားနှင့်မျှမတို့ကြ။
47. သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့ဘိုးဘေးများသတ်ခဲ့သော ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်ကြ၏။
48. ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများပြုသောအမှုတို့ကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကိုသတ်၍ သင်တို့သည် သင်္ချိုင်းဂူများကိုတည်ဆောက်ကြ၏။
49. သို့ဖြစ်၍ ဘုရားသခင်၏ဉာဏ်ပညာတော်က ‘ပရောဖက်များနှင့် တမန်တော်များကို သူတို့ထံသို့ ငါစေလွှတ်မည်။ ထိုအခါ သူတို့သည် ထိုသူတို့ထဲမှ အချို့တို့ကိုညှဉ်းဆဲ၍ သတ်ကြလိမ့်မည်’ဟု မြွက်ဆိုထား၏။
50. ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။
51. မှန်ပေ၏။ ဤမျိုးဆက်ထံမှ ထိုသွေးကြွေးကိုတောင်းယူလိမ့်မည်ဟု ငါဆို၏။
52. ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။
53. ထိုနေရာမှ ကိုယ်တော်ထွက်ကြွတော်မူသောအခါ ကျမ်းပြုဆရာများနှင့်ဖာရိရှဲတို့သည် ကိုယ်တော်အပေါ် ကြီးစွာရန်ငြိုးထားလျက် အကြောင်းအရာအမျိုးမျိုးတို့ကို တရစပ်မေးမြန်းကာ
54. နှုတ်တော်ထွက်စကားတစ်စုံတစ်ခုဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။